Ads 468x60px

Pages

Monday, June 17, 2013

Laptop များနှင့် Battery Life


Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့် နေရာမှာ Battery စားနှုန်း သက်သက်သာသာနဲ့ ကြာရှည်အသုံးချနိုင်အောင် ဘယ်လိုများ လုပ်ဆောင်ကြပါမလဲ။


တကယ်လို့ ကျွန်တော်တို့မှာ ရှိတဲ့ Laptop က Battery ဟာ တော်တော်လေး သုံးလာတာ ကြာတဲ့အပြင် ဘယ်လောက်ပဲ အားပြည့်အောင် သွင်းထားထား ကိုယ်လုပ်ချင်တာတွေ ပြီးဆုံးအောင်မှ မလုပ်ဆောင်ရသေးခင် ခဏလေးနဲ့ အားကုန်ကုန် သွားတတ်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် " တစ်ခြား Battery တော့ လဲမှ ဖြစ်တော့မဟ " ဆိုတဲ့ အတွေးမဝင်ခင် ဒီအောက်ဖော်ပြပါနည်းတွေကို စမ်းသပ်ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ Laptops တွေမှာ ရှိနေတဲ့ Battery တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အထိုက်အလျောက်ထိ မြင့်တက်လာစေလိမ့်မယ်လို့ ဆိုတာ တိုက်တွန်း ပြောကြားလိုပါတယ်။

Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ??





Battery အသုံးမခံတာကို သိထားတဲ့ နောက်မှာ Battery ကို အသုံးခံအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မဆုံးဖြတ်ကြ သေးခင် ပထမဆုံး သိထားသင့်တာက - Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ဆိုတာပါ။ အလွယ်ဆုံး ပြောရမယ်ဆိုရင် Modern laptops တွေမှာတော့ Battery အစားဆုံး က >> LCD panel ပါပဲ။ Microsoft ရဲ့ Windows 7 Engineering blog မှာ အထက်မှာ ဖော်ပြထားတဲ့ အသုံးဝင်တဲ့ Chart တစ်ခုကို ရေးဆွဲ ဖော်ပြထားပြီး - အဲ့ဒီ့ Chart ကနေမှ တစ်ဆင့် Laptop ရဲ့ ဘယ် Components တွေက ဘယ်လောက် % Battery စားနေသလဲ ဆိုတာ အလွယ်တကူ မြင်သာ ထင်ရှားစေပါတယ်။ ဒီ Chart ကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ Battery သက်တမ်းကို ကြာကြာအသုံးခံနိုင်စွမ်းရှိအောင် ဘယ်လို လုပ်ဆောင်မယ် ဆိုတာ ဆက်ပြီး ဖော်ပြသွားပါမယ်။

ဒီ Chart ထဲမှာ add-on devices တွေဖြစ်တဲ့ flash drives တို့ USB mice တို့ ဆိုတာတွေ ဖော်ပြမထားပါဘူး - ဒါပေမယ့် သိထားရမှာက အဲဒီ့ ပစ္စည်းတွေကလည်း Battery စား များတယ် ဆိုတာ သိထားဖို့ လိုပါတယ်။  တကယ်လို့များ Power မပေးထားတဲ့ hard drive တစ်ခုခုကိုများ ကိုယ့် laptop မှာ USB port ကနေပြီး တပ်ထားမိပြီ ဆိုလို့ကတော့ သာလို့တောင် Battery စားပါလိမ့်ဦးမယ်။ 

ဒီအချက်တွေကို သိရှိပြီးတဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း Power Plan Settings ကို ပြင်ဆင်ကြည့်ပါ။

Power Plan Settings အား ပြင်ဆင်ခြင်း



ပထမဆုံး ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့ အလုပ်ကတော့ ကျွန်တော်တို့ laptop ကို Battery power သုံးပြီး လည်ပတ်တော့မယ် ဆိုတဲ့ အချိန်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ power plan ကို သတ်မှတ်ပေးထားပြီးပြီလား ဆိုတာ စစ်ဆေးဖို့ပါ။ တကယ်လို့ Computer ရဲ့ Performance ကောင်းအောင်ဆိုပြီး Power plan ကို High ထားမယ် ဆိုရင် Battery ရဲ့ အသုံးခံနိုင်မှု သက်တမ်းကလည်း ပိုပြီး လျော့ပါးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Battery ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် Power saver ဒါမှမဟုတ် Balanced တစ်ခုခု ကို အထက်ဖော်ပြပါအတိုင်း ရွေးချယ်ထားသင့်ပါတယ်။



အဓိက ဂရုပြုရမှာ ကွန်ပြူတာကို ကိုယ်ထိတွေ့ မကိုင်တွယ်တော့ဘူး ဆိုတာနဲ့ Display ကို အမြန်ဆုံး turn off လုပ်ခိုင်းထားဖို့ပါ။ ဒါက အထိရောက်ဆုံး Power ချွေတာတဲ့ နည်းတစ်နည်းပါပဲ။







နောက်တစ်ဆင့် အနေနဲ့ Power Plan settings ကို Advanced ပြင်ဆင်ရမယ့် နည်းလမ်းပါ။ ကျွန်တော်တို့ Laptop ရဲ့ Battery life ကို အရှည်ကြာဆုံး ပြင်ဆင်ဖို့ အတွက် ဒီအချက်တွေ ပြင်ဆင်ရပါမယ် >>

  1. Hard Disk ရဲ့ Power plan ကို အမြန်ဆုံး turn off လုပ်နိုင်ဖို့ ပြင်ဆင်ပေးရပါမယ်။
  2. Wireless adapter, processor အထူးသဖြင့် graphics card အတွက် low-power mode ကို အသုံးပြုပေးပါ။
  3. ပုံမှာ မြင်နေရတဲ့ System cooling policy setting ဆိုတာ ကျွန်တော်တို့ရဲ့ Laptop system အတွက် cooling mode ကို change ပေးတဲ့ နေရာပါ။ သူ့မှာ Active နဲ့ Passive ဆိုတဲ့ Options နှစ်ခု ရှိပြီး - Active cooling policy ဆိုတာ Processor - slow down ဖြစ်မသွားခင်ကတည်းက cooling ပိုင်းကို ပုံမှန်အတိုင်း ဖြစ်နေအောင် fan speed ကို မြှင့်တင်ထားတာ ဖြစ်ပြီး - Passive cooling policy ဆိုတာကတော့ Processor - slow down ဖြစ်တဲ့ အချိန်မှ fan speed ကို မြှင့်တင်တာ ဖြစ်ပါတယ်။ Options နှစ်ခုထဲမှာ Passive cooling policy ဟာ Power consumption ပို ထိန်းထားနိုင်ပြီး battery life ကိုလည်း ပိုပြီး ကြာရှည်စေပါတယ်။ 




အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ အထူးပြင်ဆင်မှုတွေ အပြင် power plans နဲ့ ပတ်သတ်ပြီး နောက်ထပ် ပြင်ဆင်သင့်တာတွေ ရှိပါသေးတယ်။

Screen အလင်းအမှောင်အား ချိန်ညှိပါ။





ကျွန်တော်တို့ အပေါ်ဆုံးမှာ LCD screen တွေဆိုတာ battery life ကို အမြန်ဆုံး နဲ့ အများဆုံး ကုန်အောင်စားတဲ့ source တစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ battery life ကို ကြာကြာရှည်ရှည် အသုံးခံနိုင်ဖို့ ဆိုရင် Screen ရဲ့ အလင်းအမှောင် ( screen brightness ) ကိုလည်း ချိန်ညှိထားဖို့လိုပါတယ်။ Laptops တော်တော်များများမှာတော့ screen brightness ကို ချိန်ညှိနိုင်ဖို့ အတွက် ဖော်ပြပါအတိုင်း function key တွေပါရှိပါတယ်။ အဲလို function key တွေကို ဖိနှိပ်ပြီး screen brightness ကို ချိန်ညှိထားနိုင်ပါတယ်။ screen brightness ကို ချိန်ညှိတဲ့ နေရာမှာ battery life ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းကတော့ အလင်းကို မစူးရှလွန်းပဲ သာမန် မိမိတစ်ကိုယ်ရေ တစ်ကာယ ကြည့်လို့ ရယုံ ပမာဏလောက်ထိ လျော့ချပြီး ချိန်ညှိထားဖို့ အကြံပြုလိုပါတယ်။

ဒါတင်မက ကိုယ့်ရဲ့ laptop ကို အသုံးမပြုဖြစ်တဲ့ အချိန်တွေမှာ Display ကို အမြန်ဆုံး Turn off လုပ်ဖို့ power plan မှာ ပြင်ဆင်ထားရမယ့် အပြင် - မလိုလားအပ်တဲ့ graphics စွမ်းဆောင်ရည်တွေကို အသုံးပြုမယ့် screensavers တွေကိုလည်း အသုံးမပြုထားမိဖို့ လိုပါတယ်။



Web sites တွေ တော်တော်များများကလည်း battery life ကို ပိုပြီး တာရှည်ခံဖို့ Windows Aero ကို Disable လုပ်ခိုင်းကြတာ တွေ့ဖူးပါလိမ့်မယ်။ ဒါလည်း မှန်ပါတယ်။ သူ့ကို Disable လုပ်ထားခြင်း အားဖြင့် battery life ကို အနည်းငယ် ပိုပြီး ကြာရှည် အသုံးခံ စေပါတယ်။
Power Consumption အတွက် Hardware များအား စစ်ဆေးပါ



ကျွန်တော်တို့ ရဲ့ Laptops မှာ Bluetooth adapter များ အသုံးပြုထားတာ ရှိနေပါသလား ?? တစ်ခု သိထားရမှာ အဲလို devices တွေကို Enable ပေးထားခြင်းဟာလည်း Power စားစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်က ဒီ devices တွေကို သုံးနေတာ မဟုတ်ဘူး ( အသုံးမပြုဘူး ) ဆိုရင် သူတို့ကို Disable ပေးထားခြင်းကလည်း battery life ကို အနဲငယ် ထိန်းသိမ်းရာ ရောက်ပါတယ်။ နောက်ပြီး Wireless connection မရှိတဲ့ နေရာတွေမှာ ကိုယ့် laptop ကို သုံးဖြစ်ပြီဆိုရင်လည်း Wi-Fi ကို Disable ပေးထားဖို့ လိုပါတယ်။ 


နောက်ပြီး မလိုအပ်ပဲ PC Card adapter အသုံးပြုခြင်းကိုလည်း ရှောင်ကျဉ်ပါ။ သူတို့တွေကလည်း battery စားနှုန်း များပါတယ်။ ကျွန်တော်တို့ရဲ့ Laptop မှာ RAM ပမာဏရော လုံလုံလောက်လောက်ရှိပါရဲ့လား - ဒါကလည်း အရေးကြီးပါတယ်။ တကယ်လို့ memory ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ RAM ပမာဏ အလုံအလောက် မရှိတော့တဲ့ အခါ Windows က Disk ကိုသွားပြီး ပြဿနာရှာတတ်ပါတယ်။ ဒါကြောင့် RAM ပမာဏ နည်းတဲ့ Laptop တွေအတွက် RAM ပမာဏကို ထပ်တိုးတာမျိုး ဒါမှမဟုတ် တစ်ကြိမ်တည်း တစ်ပြိုင်တည်းမှာ Applications တွေ အများကြီး အသုံးပြုခြင်းမျိုးကနေ ရှောင်ကျဉ်တာမျိုး လုပ်ဆောင်ဖို့  စဉ်းစားရပါလိမ့်မယ်။

Background Processes နှင့် Services များအား ထိန်းချုပ်ပါ။




နောက်ကွယ်က System ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းဆောင်တာတွေ ဆိုတာ PC တစ်လုံးရဲ့ performance ကို ကျဆင်းစေ ယုံသာမက ကျွန်တော်တို့ Laptops တွေရဲ့ battery life ကိုပါ ကျဆင်းစေပါတယ်။ ဒါကြောင့် battery power ကို အသုံးပြုပြီး လုပ်ငန်းတစ်ခုခု လုပ်ဆောင်နေစဉ်မှာ background applications တွေ အကုန်လုံးကို ပိတ်ထားနိုင်ဖို့ လိုပါတယ်။  Automated updaters တွေ scheduled tasks တွေ အထူးသဖြင့် search indexing တွေကို disable လုပ်ထားဖို့ လိုပါတယ်။

ကျွန်တော်တို့ အဓိက target ထားပြီး remove လုပ်သင့်တာ Windows desktop gadgets တွေပါ - အဲဒီ့ applications တွေဟာ system tray ထဲမှာ ရှိနေပြီး ကျွန်တော်တို့ laptops က Power ကို စားမှန်း မသိ စားနေကြတဲ့ applications တွေဖြစ်ပါတယ်။ အဲတာကြောင့် ကိုယ့် အတွက် တကယ် မလိုအပ်တဲ့ applications တွေကို uninstall လုပ်ရင် လုပ်ပစ် ဒါမှ မဟုတ်ရင်လည်း system tray ထဲကနေ ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို တစ်ခုချင်း လိုက်လုပ်ဖို့ မလိုပဲ on တာ off တာတွေကို အလွယ်တကူ လုပ်ဆောင်ချင်တယ်ဆိုရင် Open- source system tray utility တစ်ခု ဖြစ်တဲ့  Aerofoil ကို အသုံးပြုနိုင်ပါတယ်။ Aerofoil ဆိုတာ ကျွန်တော်တို့ notebook တွေကို Battery power နဲ့ အသုံးပြုနေချိန်မှာ ကြာကြာ အသုံးခံနိုင်စေဖို့ မလိုလားအပ်တဲ့ Aero Glass နဲ့ တစ်ခြား အသုံးမလိုပဲ Battery စားစေတဲ့ လုပ်ငန်းဆောင်တာတွေကို အလိုလျောက် turn off လုပ်ပေးပါတယ်။

ဖြစ်နိုင်လျှင် Hibernate Mode အား အသုံးပြုပါ။




Hibernation နှင့် Sleep Mode ကွာခြားချက်အား သုံးသပ်ခြင်း ဆိုပြီး ကျွန်တော် ရေးခဲ့ဖူးပါတယ်။ Sleep mode အစား Hibernate mode ကို ပြောင်းလဲသုံးစွဲခြင်း အားဖြင့် ကျွန်တော်တို့ Laptops တွေ အတွက် power သုံးစွဲမှု လျော့နည်းပြီး - တကယ်တမ်း အသုံးပြန်လိုတဲ့ အချိန်မှာ နောက်ထပ် နာရီအနည်းငယ် ပိုမို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Hibernate mode ကို အသုံးမပြုခင် Hibernation နှင့် Sleep Mode က ဘာတွေ ကွာတယ် ဆိုတာ သေသေချာချာ လေ့လာစေချင်ပါတယ်။

Battery အား Heat မတက်စေရန် ထိန်းသိမ်းပါ။


Photo by JustinLowery

Laptop batteries တွေဆိုတာ သူတို့ကို အားမသွင်းပဲ ဖြစ်ကတတ်ဆန်း ကြာရှည် သုံးတော့မှသာ စွမ်းဆောင်ရည် ကျတတ်တာမျိုးပါ - ဒါပေမယ့် ကိုယ့် laptop က အမြဲတမ်းလိုလို overheating ဖြစ်နေတာမျိုးပဲ ဖြစ်ဖြစ် - ရာသီဥတု ပူပူ  - ပတ်ဝန်းကျင် ပူပူမှာ laptop ကို အမြဲတစ်စေ သုံးရတာမျိုးပဲဖြစ်ဖြစ် - အဲလိုအခြေအနေ မျိုးတွေမှာတော့ ခဏချင်းနဲ့ battery ကြွတတ်ပါတယ်။

ခုခေတ် laptops တွေဟာ nickel batteries တွေအစား Lithium batteries တွေကို အသုံးပြုလာကြပါပြီ။ Laptops ရဲ့ Batteries တွေကို ဘယ်လို အားသွင်းမလဲ - ဘယ်လို အသုံးချရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ရောထွေးနေတဲ့ အယူအဆ တစ်ချို့ ရှိပါတယ်။ အမှန်က >> Nickel batteries ကို သုံးထားတဲ့ Laptops တွေဆိုရင် သူ့ရဲ့ battery life ကို ကောင်းမွန်စေဖို့ အတွက် အားထပ်မဖြည့်ခင် နဂိုရှိပြီးသား အားကို ကုန်အောင် သုံးပြီးမှ recharge ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Lithium batteries တွေကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။ သူက recharge လုပ်ဖို့အတွက် အရင်ဆုံး အားကုန်အောင် သုံးဖို့ မလိုပါဘူး - နောက်တစ်ချက်က  lithium battery တွေကို အားကုန်အောင်ကျ သုံးပြီး အားပြန်မသွင်းပဲ ပစ်ထားလိုက်မယ်ဆိုရင် တကယ်တမ်း ကိုယ် ပြန်အသုံးပြုတဲ့ အချိန်မှာ အားပြန်သွင်းမရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ချက် အနေနဲ့ ကျွန်တော်တို့ Laptops တွေမှာ သုံးထားတဲ့ battery တွေကို အမြဲတမ်း fully charged ဖြစ်မနေစေဖို့ကိုလည်း ဂရုပြုပေးပါ။ ဘာကြောင့်လဲ ဆိုရင် — Wikipedia မှာ ဖော်ပြထားချက်အရ lithium battery တွေဟာ အချိန်ပြည့် fully charged နဲ့ ထားရင် ကိုယ်ဘယ်လောက်ကြီးပဲ Battery ကို ဂရုစိုက်စိုက် သူ့ရဲ့ အသုံးခံနိုင်စွမ်းက တစ်နှစ်ကို 20% ဆုံးရှုံးတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံမှာ battery ကို အားလျော့အောင် သုံးပေးဖို့ကိုလည်း အကြံပေးလိုပါတယ်။

ကျွန်တော်တို့ Laptops တွေမှာ ရှိနေတဲ့ Battery တွေကို ကြာရှည် အသုံးခံနိုင်အောင် ဘယ်လို အသုံးပြုမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာကတော့ ဒီလောက်ပါပဲ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.



ဒီအကြောင်းအရာကို ကိုကေဇတ် ရေးပေးခဲ့တာပါ။ အားတဲ့ အချိန်လေး ဆိုဒ်ကို စာလာဖတ်သူတွေလည်း ဗဟုသုတ အဖြစ် ဖတ်လို့ရအောင် ကျွန်တော် တင်ပေးလိုက်တာပါ။အားလုံးအကျိုးရှိဖို့တွက်ပါ။ ကျွန်တော်ကိုယ်တိုင် ပိုစ့်တွေ မရေးနိုင်တော့တဲ့ အတွက် စာဖတ်သူအားလုံးကို နားလည်ပေးစေချင်ပါတယ်ဗျာ။
အဆင်ပြေပါစေ..
သန့်ဇင်ဌေး

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ